kyalsote

ပြုံးနေတုန်းပဲဆိုပြီး

ကမ်းတက်မလာနဲ့…

ခင်ဗျားတို့ စကားလုံးအသုံးအနှုံးတွေက

ဓားတုံးတုံးနဲ့ ကြိတ်လှီးတာထက် နာတယ်…။

အကြောင်းအရာတစ်ခုပေါ်တိုင်း

လက်အုပ်ချီကြေးသာဆို

ခင်ဗျားတို့လောကကြီးက

ကိုးကွယ်စရာများလှချည်လား…

……

မျက်လုံးကြီးပြူးပြီးမကြည့်နဲ့

ကျုပ် ရွာပြင်ခပ်ဝေးဝေးထိ ထွက်မယ်။

ကျုပ်အဖေလဲ လူကြီး

ခုနှစ်ဆယ်နား နီးပြီဆိုတော့

ကောင်လေး….ဒါနောက်စရာမဟုတ်ဘူး…တဲ့၊

ထားပါ…

ကျုပ် မရင့်ကျက်သေးတာကတော့ ဟုတ်ပါပြီ၊

ခင်ဗျားတို့ ရင့်ပြီး မကျက်သေးတာကရော…

….

လဲသေဖို့သာ ကောင်းတယ်။

ဘာ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်လည်း

လမ်းဘေးက(အဖြူထည်လွင့်တဲ့)ကောင်ရဲ့ ကတိသစ္စာကို

ဟောဟို ပရာဒိုပေါ်က အနှိပ်ခန်းပြန်

အဆီအထပ်ထပ်နဲ့ လူကြီးရဲ့ ဖိနပ်တဘက်လောက်တောင်

ခင်ဗျားတို့ ဂရုစိုက်ခဲ့လား…။

ဟိုလူ့သားက ဘယ်လို

ဒီလူ့သားကတော့ ဘယ်လောက်

တော်လောက်ပြီ အမေ…

မကျေနပ်ရင် အမွေသာဖြတ်ပစ်လိုက်…

သားမိုက်ဆိုတဲ့နာမည်ပါ အတပ်ခံလိုက်မယ်။

ဘာလဲချစ်သူ…

အခုမှလာပြီး မျက်နှာငယ်လေးနဲ့ လေပြေမသွေးနဲ့

နာစရာရှိတိုင်း ဖြေလို့ပြေကြေးဆို

၂၀၀၉/(က) အမုန်းစာရင်းလယ်ဂျာမှာကတည်းက

နင့်နာမည်လည်း ထိပ်ဆုံးက ပါခဲ့မှာ။

မရတော့ဘူးအရှင်…

မရတော့ဘူး…

ကျုပ်လိုကောင်ရဲ့

အလယ်အလတ်တန်းစားဆုတောင်းတွေကျ

အရှင့်ကို အပန်းကြီးစေခဲ့လား…၊

ခြင်းကြီးကြီးပါမှ ဆိုရင်တော့…..

အရှင်ကရော…. ဘာဘုရားလဲ…။

လက်ညှိုးထိုးပါ..

ဟားတိုက်ပါ…

မိုးကောင်းတုန်းရွာနိုင်သလောက်ရွာထားပါ…၊

ကျုပ်အလှည့်ကျ နေဆယ်စင်းထက်ပြင်းမယ်…။

“တောက်”…

ပေဖြစ်တုန်း ခံထားမယ်၊

ကျုပ်တူဖြစ်တဲ့နေ့ကတော့….

ခင်ဗျားတို့ ဘဒ္ဒကမ္ဘာပျက်တဲ့နေ့ပဲ ။ ။ ။ ။ ။ ။

Labels: 0 comments | edit post
kyalsote

အရာအားလုံးဟာ

ဘုရားသခင် အလိုကျဆိုရင်တောင်

ဘုရားသခင်ကို ငါမုန်းမိတော့မယ်ထင်တယ်။

တခါတခါကျ

ငါက နီကိုရဲ မဟုတ်ဘဲ

နင်က ဒုတိယမကြည်ပြာ ဖြစ်ဖြစ်နေတာ

စိတ်နာတယ်။

ခုချိန်ဆို

နင်…ဘာတွေများပြောင်းလဲနေပြီလဲ…?

ငါလား…

ငါကတော့ ခုထိငါပါပဲ…

ညနေပိုင်းတွေ ဘောလုံးကန်တယ်…

ညဘက်တွေ နောက်ကျမှ အိပ်တယ်..

အိပ်ထဲမှာ အရက်သောက်စရာ ပိုက်ဆံမရှိရင်

ကဗျာတွေရေးတယ်…၊

အရင်အတိုင်းပဲဆိုပါတော့။

လွမ်းတာကတော့

နေ့တိုင်းပေါ့…

အလုပ်တွေမအားလို့ ရောက်မလာနိုင်တာလေးနဲ့တော့

ဟိုဟိုဒီဒီမတွေးစမ်းပါနဲ့…

“ငါ”ဆိုတာက

နင်ဘေးနားမှာရှိနေမှ ပျောက်နေတဲ့နံရိုးတချောင်းအကြောင်း

သတိထားမိတဲ့ကောင်ပါ။

စိတ်မပူနဲ့

၁ ပြီးရင် ၁ ဆိုတာသက်သေပြဖို့

ပိုက်သာဂိုရနဲ့ပါ အကြေအလည် ဆွေးနွေးပြမယ်…။

Labels: 0 comments | edit post
kyalsote

“Positive”…

nurse ၏ မျက်လွှာအချ..

ဘေးမှ သူငယ်ချင်းက လက်မောင်းကို အထိန်း…

မျက်လုံးတို့မူးမိုက်ဝေရီ…

ငါ့ကို ခွင့်လွတ်ပါ ဟန်နီ။

“ဆုပ်လဲဆူးမယ့်အတူတူ

တို့တွေ.. စားပြီးရူးကြမယ်”

တိမ်တွေပေါ်တက်ဆောက်တဲ့

နှစ်ယောက်စလုံးရဲ့ အိပ်မက်စိတ်ကူး…

ခုတော့…

ငါမူးခဲ့တဲ့ ညတစ်ညက ရိုက်ချိုးလိုက်ပီလေ…။

အဲ့ဒီနေ့က

ဖြူ၊ နီ၊ ပြာ၊ ၀ါတွေပါတဲ့

သူငယ်ချင်းရဲ့ Dinner party…

ည (၁၁) နာရီထိပဲ ငါမှတ်မိတယ်၊

နောက်နေ့မနက် သတိဝင်လို့အိမ်အပြန်

ငါမပျော်မိဘူးဆိုတာ အမှန်ပါ…။

ရက်ပေါင်း (၉၇၀) အတွင်းက

ယောင်္ကျားတစ်ယောက်ရဲ့ သစ္စာမှာ

အက်ကြောင်းလေးတစ်စက်တောင် မရှိခဲ့တာ

နင်ယုံအောင် ငါဘယ်လိုပြောရတော့မှာလဲ…။

အပုံကြီးချစ်ပြပြီး..

ပွင့်လင်းမှုတွေ၊ ရုပ်ဝတ္ထုတွေ

ဖွံ့ဖြိုးတိုးတက်လွန်းတဲ့နေရာမှာ..

လိမ်လိမ်မာမာနေပါလို့ တဖွဖွမှာတတ်တဲ့ငါ…

ဘယ်လိုအင်အားမျိုးနဲ့ နင့်ကို မျက်နှာပြရမလဲ ဟန်နီ။

“နင်မြန်မြန်ပြန်လာပါစေ”

သြကာသ တောင်မဆိုဘဲ

ညတိုင်း ဘုရားကိုအပူကပ်တဲ့ ဆုတောင်း..

ငါ အခုပြောင်းလိုက်ပြီ ဟန်နီ..။

“နင်ပြန်လာရင် အတူလျှောက်လည်ဖို့“

ခေါင်းအုံးအောက်က ဆင်ဖြူတော်ခပ်ပါးပါး

ငါတစ်ယောက်ထဲပဲ ဘုရားသွားပါတော့မယ် ။

”ကိုဘယ်သူ+မဘယ်ဝှာ ကောင်းမှု”

ကြည်နူးပျော်ရွှင်နေတဲ့ အလှူခံမဏ္ဍပ်ရှေ့ကစုံတွဲ

ငါ မျက်ရည်ဝဲရပြန်ပြီ…။

“ကိုကို့ ရင်ခွင်ထဲမှာမှ အိပ်မယ်တဲ့”

ချွဲချွဲနွဲ့နွဲ့ ပူဆာတတ်လွန်းလို့…

ညတိုင်းဖတ်ပြဖြစ်ခဲ့တဲ့ မီးတောက်ရစ်သမ် ကဗျာ

ငါ့ရင်ထဲမှာ မိုးတွေရွာနေတယ် ဟန်နီ …။

”Positive”

တသက်လုံးအနှုတ်ပြလာခဲ့တဲ့ကောင်အတွက်

တခုတည်းသော အပေါင်းလက္ခဏာ…

ရိပ်ခနဲဖြတ်ပြေးသွားတဲ့ နံရံပေါ်က ၃း၄၅

ဝေးသွားလိုက်၊ နီးလာလိုက် ဂျူတီကုတ် အဖြူရောင်

“မနက်ဖြန် နင်ပြန်လာမယ်”

.

..

မျက်လုံးတို့ ပြာ..မိုက်..ဝေ…ရီ…

( သူငယ်ချင်း… သတိထားလေ)

ငါ့ကို…

ငါ့ကို… ခွင့်လွတ်ပါ… ဟန်နီရယ်။

Labels: 0 comments | edit post
kyalsote

အိပ်မက်ဆိုးတွေ မက်တယ် ရွှေယောင်

ညတာတွေက ရှည်ရတဲ့ကြားမှာ

ငါ့ကို လှမ်းလှမ်းမပြုစားစမ်းပါနဲ့လား…။

ဘေးမှာ လာထိုင်ရင်လည်း ထိုင်ပါလား

အရင်ကလို သီချင်းတွေ၊ပုံပြင်တွေနဲ့

ကြယ်တွေတအုပ်ကြီး ငါခြွေချပေးမယ်လေ…။

မဖြစ်နိုင်မှန်းတော့ သိတာပေါ့ ရွှေယောင်ရယ်

ဒါပေမယ့် တစ်နေ့ ရှစ်နာရီအိပ်ဖို့ ဆိုတာက

ငါ့အတွက် ခက်ခဲလွန်းပါတယ်…။

ကန့်လန့်ကာ အခြားမှာကတည်းက

ငါ့အလွမ်းတွေ ရောင်းတန်းမ၀င်ဖြစ်ခဲ့တာ

ငါသိခဲ့ပါတယ် ရွှေယောင်…

ဒါပေမယ့်

ရင်ဘတ်ထဲကသာ နာတာ

စိတ်က မနာတတ်သေးတာက

….

ခက်တယ်…။

မခနဲ့ချင်စမ်းပါနဲ့ ရွှေယောင်

ခေါင်းအကြိမ်ကြိမ် အရမ်းခံခဲ့ရတာတောင်

နင့်အသံကြားရင်

ဟိုးအဝေးကြီးကနေ ပြေးလာချင်တဲ့ကောင်ဆိုတော့

တခါတခါ…

ယောင်္ကျားဈေးဘယ်လောက်ပေါက်လည်း

မေးရမှာတောင် ကြောက်တယ်…။

နင့်အတွက်ဆို

ဘယ်နှစ်ရွာပြောင်းရ ပြောင်းရ

သူကောင်းဖြစ်ချင်တဲ့ကျားပါ ရွှေယောင်

ရိုးရိုးလေးပြောရရင်တော့…

အရမ်း…ချစ်နေတုန်းပဲ…..။

Labels: 0 comments | edit post
kyalsote

ခပ်လှမ်းလှမ်းတွင်ရှိနေသော စာအုပ်နှင့် ဘောလ်ပင်ဆီ အကြည့်က တချက်ရောက်သွားသည်။ ဖြတ်ခနဲ အကြည့်ကို ချက်ချင်းပြန်လွဲသည်။ရှေ့ကဖန်ခွက်ထဲတွင် တ၀က်သာသာခန့်က ဗလာ။ ဘာရယ်မဟုတ် တခြားနေရာမျက်စိကို ကစားကြည့်တော့ စာအုပ်စင်…။လျှောက်သွားရာလမ်းတွင်နင်းမိသော ရှူးဖိနပ်ကို ကုတင်အောက်သို့ ကန်သွင်းထားခဲ့လိုက်သည်။ လက်ထဲကိုရောက်လာသော စာအုပ်မှ စာမျက်နှာ များကိုဖင်ပြန်ခေါင်းပြန် လှန်လှော ကစားရင်း မျက်နှာဖုံးကို တချက်ကြည့်လိုက်မိသည်….”the Catcher in the Rye”

screen saver တွင် mashimaroရုပ်လေးကို ပိုက်ထားသောကောင်မလေး တယောက်၏ပုံက ပေါ်လာသည်။ mouse ကို ဆတ်ခနဲ ရွှေ့လိုက်မိသည်။ desktop ပေါ်မှ text file လုပ်ကာ save ထားသော email များကို အသက်ကင်းမဲ့နေသူ တယောက်ပမာ…..Shift နှင့် Delete button သည် ညောင်းသွားကာ ပြန်တက်မလာတော့။ စားပွဲပေါ်က ဖန်ခွက်သည် ဗလာအတိ။ hidden file လေးရှိရာ directory သို့ မရောက်မီ UPS ကို ပါဝါထိုးပိတ်ပစ်လိုက်မိသည်။ မပြတ်သားမှုများတွင်တော့ ကျွန်တော်သည် ပြတ်သားနေဆဲဖြစ်ပါသည်။ အရှေ့က ဖန်ခွက်သည် အကျွမ်းတ၀င်ဖြစ်နှင့်ပြီးသော အရောင်နှင့် အပြည့်။

ထိုင်ခုံပေါ်တွင် ခပ်ပြေလျော့လျော့ထိုင်ကာ ခေါင်းကိုနောက်သို့မှီလိုက်သည်။ရိပ်ကနဲတကိုယ်လုံး လေဟာနယ်သို့ရောက်သွားသလို ခံစားရသည်။ 4 bar နဲ့ဆိုပြသော Rap သီချင်း၊ ခဏခဏပြောခိုင်းသော ၀က်ပုံပြင်၊ သူမသို့ ဆက်သော ကဗျာများ၊ လက်ပိုက်ခါ ရွတ်ခိုင်းသော ကကြီး ခကွေးတို့အကြား ဟိုရောက်လိုက် ဒီရောက်လိုက်ဖြင့်။

“Subway မှာ လူတွေ ကြပ်နေလို့”

“မီရှဲလ် ဆီမှာ ကြာသွားတာ”

“အိမ်ကလူကြီးတွေနဲ့ countdown သွားရေ(ရီ)နေတာ”

“……………………………….”

“………………………………..”

“__့ ကို စိတ်ဆိုးနေတာလား”

ကျွန်တော် အရမ်းအိပ်ချင်နေပြီ…..အိပ်ပျော်ပါတော့…..။

စားပွဲခင်းပေါ်က ပြန့်ကျဲနေသော အာလူးကြော် အပိုင်းအစများ..၊ ခြောက်ကပ်ကပ် ကြက်ဥမွှေကြော်..၊ ပက်လက်ကြီးလမ်းလျှောက်နေတဲ့ ကိုဂျော်နီ….. ပြီးတော့ မျက်လုံးများေ၀၀ါးလာသည်။

မင်းသမီးရယ်…… ရက်…စက်…တယ်….။

Labels: 0 comments | edit post
kyalsote
အိပ်မရသော ညများတွင် ကျွန်တော် စဉ်းစားမိသည်က မူးယစ်ရီဝေဖူးသော တချိန်က ညများအကြောင်းဖြစ်သည်။ ပေါင်မုန့်တယှက် ၀ိုင်တခွက်မပါ၊ ချောကလက်နှင့် နှင်းဆီပန်းများ မပါ၊ရိုမီယို ဂျူးလိယက် မပါ။ဧဒင်ဥယာဉ်ကြီးနှင့် ပိုးထိုးနေသော ပန်းသီးများလည်းမပါဝင်ခဲ့ပါ။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျပါဝင်သည်၊ သူမပါသည်၊ ခိုးခိုးပြီးနမ်းဖူးသော အနမ်းများပါသည်၊ ရောက်တတ်ရာရာပြောတတ်သော အိပ်ရာဝင်ပုံပြင်များပါသည်၊ဘယ်သူမှမသိအောင် ပေးခဲ့ဖူးသော Birthday wish များပါသည်၊သူမအိပ်ရာထက်က ကျွန်တော့်ထက် အကြိမ်များစွာ ပွေ့ဖက်ဖူးသော သူမ၏အရုပ်များပါ သည်။

ကဗျာရေးကောင်းသည် စာရေးကောင်းသည် ဆိုသော ကောင်တစ်ယောက် တကယ့်တကယ်တန်း အပ်ကျမတ်ကျ ခွဲရသောအခါ မည်သည့်စကားလုံးမှ အလွမ်းကို ကျော်လွန်၍ထွက်ပေါ်မလာပါ။ စာမျက်နှာအချို့ စိုစွတ်သွားသည်သာ အဖတ်တင်သည်။ သူမအလွန်ကြိုက်ပါသည်ဆိုသော ကျွန်တော်၏ ခပ်ဆွေးဆွေးကဗျာများအတွက် စကားလုံးအချို့သည် မင်ရည်ကျဲလွန်းခဲ့သည်။ သည်လိုနှင့် ညတိုင်းညနက်ရသည်။

သူမစကားသံနှင့်ရယ်သံကို နားထဲတွင် ပြန်ကြားယောင်သည်။ ပြီးတော့ မျက်ရည်ဝှက်တမ်း ကစားသောညများ…..

ဂစ်တာတီးကာ သီချင်းတပုဒ်ဆိုပြီးတိုင်း အားပေးနေကြအသံလေး မကြားရသောအခါ အမျိုးအမည် မသိသော ဝေဒနာတမျိုး စူးစူးရှရှခံစားရသည်။ သည်လိုနှင့် ဘယ်သီချင်းမှ အဆုံးထိမဆိုဖြစ်တော့… ကိုင်ဇာတေးပေါင်းချုပ်မှ ဆုတ်ဖြဲခံထားရသော သီချင်းတမျက်နှာသည်တအီအီမြည်ကာ လည်လျှက်ရှိသော ပန်ကာလေနှင့်အတူ ဝေ့ကာဝိုက်ကာ ခြေဖမိုးသို့ လာကပ်ပြန်သည်။ ထပ်မကြည့်လည်း မှတ်မိပါသည်…တသက်လုံးပဲ သတိရနေမယ် ရင်ထဲမှာ

မည်သည့်အတတ်အောက်တွင်မှ ဒူးမထောက်ခဲ့ဖူးသောကျွန်တော်တယောက် သူမဆွဲသော ကြိုးများအောက်တွင် မှော်ဆန်ဆန်အသုံးတော်ခံခဲ့သည်။ သူမ၏ချစ်တတ်သလို ချစ်တတ်ခြင်းဆိုသည့်နောက် ကျွန်တော် ရေလိုရော ငါးလိုပါ ကြိုးစားပမ်းစားလိုက်ခဲ့သည်။ ကိုယ့်ကိုယ်ကို နားမလည်နိုင်လောက်အောင် သူမအပေါ် နားလည်ပေးခဲ့သည်။ ရည်ရွယ်ပြီးလုပ်တာမှ မဟုတ်တာဟူသော ဒဏ်ရာတို့ကို ကျွန်တော်ကိုယ်တိုင်ပင် ရောင်စုံပတ်တီးတို့ဖြင့် လှလှပပစီးခဲ့သည်။ လက်ခုပ်သံသဲ့သဲ့ သူမကျင်လည်သော ၀န်းကျင်မှကြားရသည်…။သူမက ပြုံးသည်၊ သူငယ်ချင်းကဗျာဆရာ (အမည်မဲ့) ကပြုံးသည်၊ ကျွန်တော်ကိုယ်တိုင်လည်းပြုံးခဲ့မိသည်။ ထို အပြုံးများကို သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုပါ။

စာရွက်ပေါ်တွင်ထောက်ထားသော ဘောလ်ပင်ကို ဖိကာဆွဲမိလိုက်မိသည်။ မိမွေးတိုင်း ဖမွေးတိုင်း စားပွဲပေါ်တွင် အစင်းရာတချက်…မမြင်ရသော ဒဏ်ရာများသည် ပို၍နက်ရှိုင်းတတ်ပါသည်။

စိတ်၏အလျှင်နှုန်းနောက်သို့ အလွမ်းတနင့်တပိုးနှင့် လိုက်ရသည်မှာ ပင်ပန်းလွန်းသည်။ အတူရှိခဲ့ဖူးသောနေရာအချို့ စိတ်ပြေလွမ်းပျောက် ရောက်သည်။ ကျွန်တော်ရင်းနှီးနေသော သူစိမ်းတချို့နှင့် သူမ ရယ်ရယ်မောမော စကားလက်ဆုံကျ နေသည်။ အမြင့်တချို့ကို မုန်းတတ်သောကျွန်တော်သည် မဏ္ဍပ်တိုင်မတက်ခဲ့မိခြင်းအတွက် ဘယ်သောအခါမှ နောင်တရလိမ့်မည်မဟုတ်ပါ။ သို့သော် ထိုနေ့ညက ဘရိတ်ဓားဖြင့်တီးသော ဂစ်တာသံသည် ဆိုနေကြ Rap သီချင်းတပိုဒ်နှင့် ခပ်ကြမ်းကြမ်းပင် လိုက်ဖက်ခဲ့ပါသည်။

လက်ထဲတွင်ဆုပ်ကိုင်ထားသော အိပ်ဆေးပုလင်း၊စားပွဲပေါ်က ရေတခွက်၊ဖွင့်လျှက်ရှိသော တောင်ခြစ်မြောက်ခြစ်ဗလာစာအုပ် နှင့်ကြောင်တောင်တောင် မျက်လုံးတစုံသည် ကျွန်တော့်အတွက် ညနှင့် တိုက်ရိုက်အချိုးကျပါသည်။သူမ ဆက်သော ဖုန်းတချက်သည် ညတာအချို့ကို တိုစေသည်ကို သူမဘယ်သောအခါမှသိလိမ့်မည်မဟုတ်ပါ။

Labels: 0 comments | edit post
kyalsote

(၁)
မမြင်ရ
မတွေ့ရ
မကြားရတာကြာလို့
မေ့များမေ့နေပြီလား မိရွှေယောင်..။

ငါ့မှာတော့
နင့်အကြောင်း ခေါင်းစဉ်များစွာနဲ့ပဲ
ညတွေ နက်လှပေါ့…
ခြေသလုံးအိမ်တိုင် အတွေးကတောင်
နင့်ဆီပဲပြေးပြေးနေတော့
ငါအိပ်ပျက်တာလဲ မဆန်းလှပါဘူး…။

စံပယ်မဖူးခင်ကတည်းက
မူးခဲ့တာတောင်
ခုထိ (အသားမကျစွာ) ရူးနေတုန်းပါ ရွှေယောင်ရယ်…။

ငါကလည်း ငါပါပဲ
မှိန်စုတ်စုတ်အလင်းရောင်လောက်နဲ့
(ရာရာစစ)နင့်ကောင်းကင်မှာမှ
တပွင့်ထဲ လင်းချင်ခဲ့တဲ့ကောင်ကိုး။

ဒါပေမယ့် ရွှေယောင်ရယ်..
ဟောဒီကြယ်စုတ်က
ဘယ်လောက်ပဲ တောက်ပပြ တောက်ပပြ
နက္ခတ်တွေစုံလို့
သူနိင်ကိုယ်နိုင် လင်းကြမယ့်အချိန်
ငါပဲ ပိုမှိန်သွားရဦးမှာပါ…။

(၂)

အနေဝေးသထက်ဝေးတာတောင်
သွေးအေး မသွားလောက်အောင်..
ဘယ်လို အစွမ်းတွေနဲ့များ
ငါ့ကို ပြုစားထားရတာလဲ မိရွှေယောင်…။

နင့်အကြောင်းတွေ တွေးလိုက်
ကဗျာတွေရေးလိုက်
သီချင်းတွေ ဆိုလိုက်နဲ့
ငါ့ကိုယ်ငါတောင်ဘာကောင်မှန်း မသိတော့ဘူး…။

ဝေးနေရတယ်ဆိုပြီး
သံသယ စကား
အရိပ်အမြွက်လေးတောင် မဆိုလိုက်ပါနဲ့…
၁ မရှိဘူး
၂ မရှိဘူး
၃ မရှိဘူး….
င့ါရင်ထဲမှာ
နင်တစ်ယောက်တည်း ရှိတာပါ မိရွှေယောင်ရယ်…။

အချိန်ဇယားနဲ့ လွမ်းရတာဆိုပေမယ့်
ဒီကကောင် အချစ်ကလည်း
ရေချိန်လွန်ခဲ့တာ
နင် မသိတာလည်း မဟုတ်ပဲနဲ့။

(၃)

ချစ်တယ် ရွှေယောင်ရယ်
ခြားမယ့်ခြားတော့လည်း
တို့တွေ ကြားမှာက
ရုပ်တွေရော နာမ်တွေရောနဲ့…။

ငါပိုင်တာဆိုလို့ကလည်း
နင်ပေးထားတဲ့
ကဗျာဆရာဆိုတဲ့ ဘွဲ့လေးနဲ့
သူများတွေ ပြောကြတာထက်ပိုပြီး
ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့
မြင်တတ်တာလေးပဲ ရှိခဲ့တာကိုး….။

တယောက်ကို တယောက်
ဘယ်လိုအကြောင်းတွေနဲ့များ
နားလည်နေကြသလဲ ဆိုတာ
ခုထိကို နားမလည်နိုင်ဘူး ရွှေယောင်။

ဘယ်လောက်ပဲ လက်ခမောင်းတွေခတ်ပြ ခတ်ပြ
ငါဆွတ်ရမယ့် ကောင်းကင်တမွတ်က ကြယ်က
အလှမ်းဝေးလိုက်ပုံများ
ကမ္ဘာ့ဆွဲအားကိုတောင် လျစ်လျှူရှုထားတုန်းလေ…။

(၄)

ကြိုနေပါတယ် မိရွှေယောင်ရယ်…
အရင်လိုကြိုနေတုန်းပါပဲ…….
နင်တကယ် လှမ်းလာခဲ့ဖို့ပဲလိုတာပါ။

နင်ပြန်လာရင်ဖတ်ဖို့ ကဗျာတွေရှိတယ်..
နင်ပြန်လာရင် နားထောင်ဖို့သီချင်းတွေရှိတယ်…
နင်ပြန်လာရင်ပြောပြဖို့ အိပ်ရာဝင်ပုံပြင်တွေရှိတယ်….

လောလောဆယ်တော့
အဲ့ဒီ ကဗျာတွေ…
သီချင်းတွေ…
ပုံပြင်တွေနဲ့…
ငါတယောက်ထဲ
အထီးကျန်ကောင်းနေတုန်းပါ မိရွှေယောင်ရယ်။

Labels: 0 comments | edit post