kyalsote

(၁)
မမြင်ရ
မတွေ့ရ
မကြားရတာကြာလို့
မေ့များမေ့နေပြီလား မိရွှေယောင်..။

ငါ့မှာတော့
နင့်အကြောင်း ခေါင်းစဉ်များစွာနဲ့ပဲ
ညတွေ နက်လှပေါ့…
ခြေသလုံးအိမ်တိုင် အတွေးကတောင်
နင့်ဆီပဲပြေးပြေးနေတော့
ငါအိပ်ပျက်တာလဲ မဆန်းလှပါဘူး…။

စံပယ်မဖူးခင်ကတည်းက
မူးခဲ့တာတောင်
ခုထိ (အသားမကျစွာ) ရူးနေတုန်းပါ ရွှေယောင်ရယ်…။

ငါကလည်း ငါပါပဲ
မှိန်စုတ်စုတ်အလင်းရောင်လောက်နဲ့
(ရာရာစစ)နင့်ကောင်းကင်မှာမှ
တပွင့်ထဲ လင်းချင်ခဲ့တဲ့ကောင်ကိုး။

ဒါပေမယ့် ရွှေယောင်ရယ်..
ဟောဒီကြယ်စုတ်က
ဘယ်လောက်ပဲ တောက်ပပြ တောက်ပပြ
နက္ခတ်တွေစုံလို့
သူနိင်ကိုယ်နိုင် လင်းကြမယ့်အချိန်
ငါပဲ ပိုမှိန်သွားရဦးမှာပါ…။

(၂)

အနေဝေးသထက်ဝေးတာတောင်
သွေးအေး မသွားလောက်အောင်..
ဘယ်လို အစွမ်းတွေနဲ့များ
ငါ့ကို ပြုစားထားရတာလဲ မိရွှေယောင်…။

နင့်အကြောင်းတွေ တွေးလိုက်
ကဗျာတွေရေးလိုက်
သီချင်းတွေ ဆိုလိုက်နဲ့
ငါ့ကိုယ်ငါတောင်ဘာကောင်မှန်း မသိတော့ဘူး…။

ဝေးနေရတယ်ဆိုပြီး
သံသယ စကား
အရိပ်အမြွက်လေးတောင် မဆိုလိုက်ပါနဲ့…
၁ မရှိဘူး
၂ မရှိဘူး
၃ မရှိဘူး….
င့ါရင်ထဲမှာ
နင်တစ်ယောက်တည်း ရှိတာပါ မိရွှေယောင်ရယ်…။

အချိန်ဇယားနဲ့ လွမ်းရတာဆိုပေမယ့်
ဒီကကောင် အချစ်ကလည်း
ရေချိန်လွန်ခဲ့တာ
နင် မသိတာလည်း မဟုတ်ပဲနဲ့။

(၃)

ချစ်တယ် ရွှေယောင်ရယ်
ခြားမယ့်ခြားတော့လည်း
တို့တွေ ကြားမှာက
ရုပ်တွေရော နာမ်တွေရောနဲ့…။

ငါပိုင်တာဆိုလို့ကလည်း
နင်ပေးထားတဲ့
ကဗျာဆရာဆိုတဲ့ ဘွဲ့လေးနဲ့
သူများတွေ ပြောကြတာထက်ပိုပြီး
ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့
မြင်တတ်တာလေးပဲ ရှိခဲ့တာကိုး….။

တယောက်ကို တယောက်
ဘယ်လိုအကြောင်းတွေနဲ့များ
နားလည်နေကြသလဲ ဆိုတာ
ခုထိကို နားမလည်နိုင်ဘူး ရွှေယောင်။

ဘယ်လောက်ပဲ လက်ခမောင်းတွေခတ်ပြ ခတ်ပြ
ငါဆွတ်ရမယ့် ကောင်းကင်တမွတ်က ကြယ်က
အလှမ်းဝေးလိုက်ပုံများ
ကမ္ဘာ့ဆွဲအားကိုတောင် လျစ်လျှူရှုထားတုန်းလေ…။

(၄)

ကြိုနေပါတယ် မိရွှေယောင်ရယ်…
အရင်လိုကြိုနေတုန်းပါပဲ…….
နင်တကယ် လှမ်းလာခဲ့ဖို့ပဲလိုတာပါ။

နင်ပြန်လာရင်ဖတ်ဖို့ ကဗျာတွေရှိတယ်..
နင်ပြန်လာရင် နားထောင်ဖို့သီချင်းတွေရှိတယ်…
နင်ပြန်လာရင်ပြောပြဖို့ အိပ်ရာဝင်ပုံပြင်တွေရှိတယ်….

လောလောဆယ်တော့
အဲ့ဒီ ကဗျာတွေ…
သီချင်းတွေ…
ပုံပြင်တွေနဲ့…
ငါတယောက်ထဲ
အထီးကျန်ကောင်းနေတုန်းပါ မိရွှေယောင်ရယ်။

Labels: edit post
0 Responses

Post a Comment