ပြုံးနေတုန်းပဲဆိုပြီး
ကမ်းတက်မလာနဲ့…
ခင်ဗျားတို့ စကားလုံးအသုံးအနှုံးတွေက
ဓားတုံးတုံးနဲ့ ကြိတ်လှီးတာထက် နာတယ်…။
အကြောင်းအရာတစ်ခုပေါ်တိုင်း
လက်အုပ်ချီကြေးသာဆို
ခင်ဗျားတို့လောကကြီးက
ကိုးကွယ်စရာများလှချည်လား…
……
မျက်လုံးကြီးပြူးပြီးမကြည့်နဲ့
ကျုပ် ရွာပြင်ခပ်ဝေးဝေးထိ ထွက်မယ်။
ကျုပ်အဖေလဲ လူကြီး
ခုနှစ်ဆယ်နား နီးပြီဆိုတော့
ကောင်လေး….ဒါနောက်စရာမဟုတ်ဘူး…တဲ့၊
ထားပါ…
ကျုပ် မရင့်ကျက်သေးတာကတော့ ဟုတ်ပါပြီ၊
ခင်ဗျားတို့ ရင့်ပြီး မကျက်သေးတာကရော…
….
လဲသေဖို့သာ ကောင်းတယ်။
ဘာ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်လည်း
လမ်းဘေးက(အဖြူထည်လွင့်တဲ့)ကောင်ရဲ့ ကတိသစ္စာကို
ဟောဟို ပရာဒိုပေါ်က အနှိပ်ခန်းပြန်
အဆီအထပ်ထပ်နဲ့ လူကြီးရဲ့ ဖိနပ်တဘက်လောက်တောင်
ခင်ဗျားတို့ ဂရုစိုက်ခဲ့လား…။
ဟိုလူ့သားက ဘယ်လို
ဒီလူ့သားကတော့ ဘယ်လောက်
တော်လောက်ပြီ အမေ…
မကျေနပ်ရင် အမွေသာဖြတ်ပစ်လိုက်…
သားမိုက်ဆိုတဲ့နာမည်ပါ အတပ်ခံလိုက်မယ်။
ဘာလဲချစ်သူ…
အခုမှလာပြီး မျက်နှာငယ်လေးနဲ့ လေပြေမသွေးနဲ့
နာစရာရှိတိုင်း ဖြေလို့ပြေကြေးဆို
၂၀၀၉/(က) အမုန်းစာရင်းလယ်ဂျာမှာကတည်းက
နင့်နာမည်လည်း ထိပ်ဆုံးက ပါခဲ့မှာ။
မရတော့ဘူးအရှင်…
မရတော့ဘူး…
ကျုပ်လိုကောင်ရဲ့
အလယ်အလတ်တန်းစားဆုတောင်းတွေကျ
အရှင့်ကို အပန်းကြီးစေခဲ့လား…၊
ခြင်းကြီးကြီးပါမှ ဆိုရင်တော့…..
အရှင်ကရော…. ဘာဘုရားလဲ…။
လက်ညှိုးထိုးပါ..
ဟားတိုက်ပါ…
မိုးကောင်းတုန်းရွာနိုင်သလောက်ရွာထားပါ…၊
ကျုပ်အလှည့်ကျ နေဆယ်စင်းထက်ပြင်းမယ်…။
“တောက်”…
ပေဖြစ်တုန်း ခံထားမယ်၊
ကျုပ်တူဖြစ်တဲ့နေ့ကတော့….
ခင်ဗျားတို့ ဘဒ္ဒကမ္ဘာပျက်တဲ့နေ့ပဲ ။ ။ ။ ။ ။ ။