မနေ့ကရဲ့ လမ်းချိုးတခုမှာ
ငါ့ကိုငါပြန်တွေ့တယ်...
ဘာမှမပြောင်းမလဲ
အရောင်တောင် နဲနဲစွန်းချင်သလားပဲ...။
လက်ချိုးပြီးပြန်ရေကြည့်တော့
ခြေထာက်ကူတာတောင်မလောက်တော့ဘူး..
ရိုက်သွင်းခံထားရတဲ့ စံတွေက
ခုထိ ပမာမခန့်နေရာယူတုန်း...။
ဆန်ကုန်မြေလေးလို့ ငါ့ကိုသမုတ်တဲ့တယောက်ကို
အနည်းဆုံးပေါ့ပေါ့နေ ပေါ့ပေါ့စားတော့ မဟုတ်တော့ဘူးပေါ့လို့
ရယ်ရင်းမောရင်းပြောတော့....
သူ့ရဲ့မလိမ္မာလို့ သွင်းတဲ့လူမိုက်စာရင်းမှာ
ငါ့ကို ခဲတို့တယ်...။
လူမှန်းသိတတ်စအရွယ်က
စုဗူးအကွဲထဲကထွက်လာတဲ့ အကြွေစေ့အပုံအပင်...
အဖေ့စာအုပ်စင်က ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်...
ကျွန်တော့အခန်းထောင့် အမှိုက်ပုံမှာ ငိုလို့....။
ကိုယ့်ဒူးကိုယ်ချွန်ဆိုတဲ့ စာစီစာကုံး
နေမကောင်းလို့မရေးမိတုန်းက
မျက်မှန်ထူထူနဲ့ကောင်မလေးတယောက်က သနားလို့တဲ့..
ကျွန်တော်အတန်းရှေ့ထွက်ရပ်ရတာကို..။
နေ့ခင်းကျောင်းဆင်း
သူ့အမေသူ့ကိုထမင်းခွံ့ကျွေးတုန်း...
ကျွန်တော်တကူးတက သွားပြုံးပြလိုက်တယ်...။
ဝါးလုံးခေါင်းထဲသာဖို့အရေး
တန်းစီတိုးဝေ့မနေချင်တော့တာနဲ့ ဘေးကိုထွက်ထိုင်တော့
အထူးအဆန်းတကောင်လို ငါ့ကိုကြည့်တယ်..။
နေထွက်မှ နောက်နေ့ကူးတယ်လို့ယူဆတဲ့
ခပ်ကြောင်ကြောင်ကောင်တွေကတောင် ငါ့ကိုလှောင်တယ်......
မင်းရဲ့မနက်ဖြန်က ဘယ်မှာလဲ? တဲ့...။
ဟ..ဟ..ဟ...ဟ...
ခြောက်ကပ်ကပ်ပဲ ကျွန်တော်ရယ်နေမိတော့တယ်.....။
အိပ်မက်ကိုတောင်
အိပ်မက်ထဲထည့်ပေးမမက်မိတော့
ငါ့ကောင်းကင်မှာ ဘယ်ကြယ်စင်မှမလင်းမှာလဲ
အဆန်းမဟုတ်တော့ပါဘူး...။